Tuesday - September 04 - 2018

ဘွက်ကြီးဆည်တာပေါင် မြေသားနိမ့်ကျွံမှု ဖြစ်ပွား

အောင်လံမြို့နယ်ဘွက်ကြီးဆည်ရှိမြေသားတာပေါင်သည်စက်တင်ဘာ၃ရက်ညနေတွင်အောက်သို့လေးပေခန့်အထိနိမ့်ကျွံကျခဲ့ကြောင်းယင်းဆည်အနီးရှိဒေသခံများကပြောသည်။ အလျားပေ၁၀၀၊အနံပေ၄၀ခန့်အကျယ်ရှိဆည်တာပေါင်မြေသားနိမ့်ကျွံရခြင်းသည်ယင်းနေရာရှိမြေသားအချို့သိပ်သည်းမှုမရှိခြင်းနှင့်မိုးများခြင်းကြောင့်ဖြစ်ပြီးအလွန်စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်းယင်းနေရာသို့ရောက်ရှိနေသည့်မကွေးတိုင်းအစိုးရအဖွဲ့စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးဝင်းမော်ဌေးကစက်တင်ဘာ၄ရက်တွင်ပြောသည်။ ‘‘အခုပြုပြင်ရေးလုပ်ငန်းတွေစလုပ်နေပါပြီ။မြေသားမကောင်းလို့ဖြစ်သွားတဲ့အခြေအနေပါ။သိပ်ပြီးတော့စိုးရိမ်စရာမရှိပါဘူး’’ဟု၎င်းကပြောသည်။ မြေနိမ့်ကျွံကျရာနေရာသို့မိုးရေဝင်ရောက်မှုမရှိစေရန်သဲအိတ်များကာရံကာအမိုးအကာများကိုချက်ချင်းဆောင်ရွက်နေပြီးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်မည်ဖြစ်ကြောင်းဝန်ကြီးကပြောသည်။ ထို့အပြင်ဆည်ရေပိုလျှံမှုများကိုလည်းရေပိုလွှဲမှဆက်တိုက်ဖောက်ထုတ်မည်ဟု၎င်းကဆိုသည်။ ဘွက်ကြီးဆည်မြေသားတာပေါင်နိမ့်ကျွံသွားခြင်းသည်မြေအောက်တွင်ထူးပေါက်(ကလိုင်ကျင်း)ကြီးများဖြစ်နေခြင်းကြောင့်ဖြစ်ပြီးရေပေါက်ထွက်လာခြင်းနှင့်မြေပြိုကျမည့်အခြေအနေမျိုးမတွေ့ရကြောင်းဒန့်ဒေါင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတင်ကြိုင်ကပြောသည်။ သို့သော်မိုးရက်ဆက်ရွာသွန်းနေသဖြင့်ဆည်ရေသိုလှောင်နိုင်သည့်အခြေအနေထက်တစ်ပေကျော်ကျော်လွန်နေပြီးစက်တင်ဘာ၃ရက်ညပိုင်းကစတင်ကာရေပိုလွှဲမှရေများထုတ်လွှတ်နေကြောင်း၎င်းကပြောသည်။ ထို့ကြောင့်ဆည်အောက်ပိုင်းကျေးရွာခုနစ်ရွာခန့်သို့သတိပေးထားပြီးစဉ်ဆက်မပြတ်စောင့်ကြည့်နေကြောင်းဦးတင်ကြိုင်ကဆိုသည်။ နေပြည်တော်ဆည်မြောင်းဌာန၊တိုင်းဆည်မြောင်းဝန်ကြီးအပါအဝင်ဆည်မြောင်းဌာနတာဝန်ရှိသူများလည်းယင်းနေရာသို့စက်တင်ဘာ၄ရက်နံနက်ကရောက်ရှိလာပြီးစစ်ဆေးနေကြောင်းအောင်လံမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးအေးကျော်ကပြောသည်။ ‘‘မြေသားနိမ့်ကျွံတဲ့အခြေအနေကိုတွေ့ရတယ်။မစိုးရိမ်ရဘူးဆိုပေမယ့်သတိထားတာတော့အကောင်းဆုံးပေါ့’’ဟုဘွက်ကြီးဆည်အခြေအနေနှင့်ပတ်သက်၍၎င်းကပြောသည်။ ဘွက်ကြီးဆည်ကို၂၀၁၁တွင်တည်ဆောက်ပြီးစီးပြီး၂၀၁၂တွင်ရေစတင်ပေးဝေခဲ့သည်။ အလျား၄,၆၂၀ပေ၊အမြင့်၁၃ပေရှိကာရေသိုလှောင်နိုင်သည့်ဧရိယာ၇၃,၁၉၀ဧကရှိသောယင်းဆည်သည်နှစ်စဉ်မိုးရာသီတွင်စိုက်ပျိုးဧကပေါင်း၅,၀၀၀ခန့်နှင့်နွေတွင်ဧက၂,၀၀၀ခန့်သို့ပေးဝေနေသည်။